Saturday, December 18, 2010

လောကနီတိများ



(၁)။ ပျင်းသောသူအား အတတ်ပညာ အဘယ်မှာ တတ်အံ့နည်း။

အတတ်ပညာ မရှိသောသူအား ဥစ္စာအဘယ်မှာ ရအံ့နည်း။

ဥစ္စာမရှိသောသူအား အဆွေခင်ပွန်းအဘယ်မှာ ရအံ့နည်း။

အဆွေခင်ပွန်းမရှိသောသူအား ချမ်းသာ အဘယ်မှာ ရအံ့နည်း။

ချမ်းသာမရှိသောသူအား ကောင်းမှုအဘယ်မှာ ရအံ့နည်း။

ကောင်းမှုမရှိသောသူအား နိဗ္ဗာန် အဘယ်မှာ ရနိုင်အံ့နည်း။ 

(၂)။ အတတ်နှင့်တူသော ဥစ္စာသည်မရှိ။ အတတ်ကိုခိုးသူတို့သည်

မယူနိုင်ကုန်။ ဤလောက၌ အတတ်သည်ကား အဆွေခင်ပွန်းဖြစ်၏။

တမလွန်ဘ၀၌ ချမ်းသာကို ဆောင်တတ်၏။ 

(၃)။ အကြားအမြင်ပညာကို နည်း၏ဟူ၍ မအောက်မေ့ရာ။ 

မိမိစိတ်ထဲ၌ သွင်းထားရာ၏။ တောင်ပို့၌ ရေပေါက်သည် 

ကျဖန်များစွာ ကြာရှည်သဖြင့် ပြည့်သကဲ့သို့တည်း။ 

(၄)။ နှုတ်မှုပညာကိုလည်းကောင်း၊ လက်မှုပညာကိုလည်းကောင်း 

ငယ်သည်ဟူ၍ မအောက်မေ့ရာ။ ကုန်စင်အောင်တတ်မူကား

တစ်ခုသော အတတ်သည်လည်း အသက်မွေးဝမ်းကျောင်း

ဖြစ်ပါသည်သာလျှင်တည်း။ 

(၅)။ သုတနှင့်ပြည့်စုံသော ပညာရှိသည် အကြင်အရပ်၌

ရှိ၏ဟူ၍ ကြားငြားအံ့၊ ထိုအရပ်သို့ သုတရှာသော 

အမျိုးကောင်းသား သည် သည်းစွာအားထုတ်၍ 

သွားရာသည်သာလျှင်တည်း။ 

(၆)။ အတတ်ကို ဖြည်းဖြည်းသင်ရာ၏၊ ဥစ္စာကို

ဖြည်းဖြည်းရှာရာ၏၊ တောင်ကို တက်သောသူသည်

ဖြည်းဖြည်းတက်ရာ၏၊ ကာမဂုဏ်ကို ဖြည်းဖြည်းလိုရာ၏၊

အမျက်ကို ဖြည်းဖြည်းထွက်ရာ၏၊ ဤငါးပါးတို့ကို

ဖြည်းဖြည်းအလိုရှိရာ၏။ 

(၇)။ အကြားအမြင်အတတ်သည်လည်းကောင်း၊ 

ဓမ္မအတတ်သည်လည်းကောင်း၊ သင်္ချာဂဏန်းအတတ်သည်

လည်းကောင်း၊ တံစည်းစူးဆောက် အတတ်သည်လည်းကောင်း၊

နီတိကျမ်းအတတ်သည် လည်းကောင်း၊ ယာယီယတြာစသော 

ဗျာကရိုဏ်း အတတ်သည် လည်းကောင်း၊ စောင်းစသော 

ကဗျာအတတ်သည်လည်းကောင်း၊ လက်ပစ်အတတ်သည်

လည်းကောင်း၊ ဒူးလေး လင်းလေး အတတ်သည် လည်းကောင်း၊

စကားဟောင်း အတတ်သည်လည်းကောင်း၊

ဆေးအတတ် သည်လည်းကောင်း၊ရယ်ရွှင်မှု အတတ်သည်လည်းကောင်း၊ 

ဗေဒင်အတတ်သည်လည်းကောင်း၊ လှည့်ပတ်တတ်သော 

အတတ်သည်လည်းကောင်း၊ ဆန်းကျမ်းအတတ်သည် လည်းကောင်း၊ 

 သံတမန်အတတ်သည်လည်းကောင်း၊ မန္တန်အတတ် သည်လည်းကောင်း၊ 

သဒ္ဒါကျမ်းအတတ်သည် လည်းကောင်း ဤသည်တို့ကား ဆယ့်ရှစ်ပါးသော 

အတတ်တို့တည်း။ 

(၈)။ လောက၌ ပညာရှိသူသည် မမေးမူကား စည်ကြီးသဖွယ်ဖြစ်၏။ 

သူတည်း မေးမူကား မိုးကြိုးသဖွယ်ဖြစ်၏။ လူမိုက်သည်

မေးသော်လည်းကောင်း၊ မမေးသော်လည်းကောင်း 

အခါခပ်သိမ်းများစွာလည်း ဟောတတ် ပြောတတ်သည်သာလျှင်တည်း။ 

(၉)။ လောက၌ ပေတို့၌ အကြင်အတတ်သည်လည်းကောင်း၊ 

သူတပါးတို့၏ လက်တို့၌ အကြင်ဥစ္စာသည်လည်းကောင်း ရှိ၏။ 

ပြုဖွယ်ကိစ္စသည် ဖြစ်လတ်သော် ထိုပေ၌ရှိသော

အတတ်သည်လည်းကောင်း၊ အတတ်မမည်။ ထိုသူတစ်ပါးတို့၏ 

လက်၌ရှိသော ဥစ္စာသည်လည်း ဥစ္စာမမည်။ 

(၁၀)။ လောက၌ ရေတိမ်ရေနက်ကိုကား ပုဒ္ဒမာကြာကိုမြင်သဖြင့် သိအပ်၏။ 

အမျိုးယုတ်မြတ်ကိုကား ကိုယ်အမူအရာ၊ နှုတ်အမူအရာအားဖြင့် သိအပ်၏။ 

မြေကောင်းမကောင်းကိုကား မြက်ညှိုးမညှိုးကိုမြင်သဖြင့် သိအပ်၏။ 

(၁၁)။ လောက၌ နည်းသောသုတရှိသူသည် နည်းသော သုတကို 

အများအောက်မေ့တတ်၏။ မာန်မာနရှိတတ်၏။ အဘယ်သို့နည်းဟူမူကား 

သမုဒ္ဒရာရေပြင်ကို မမြင်ဘူးသော ဖားသူငယ်သည် တွင်းဝ၌ ရေကို 

အများထင်သကဲ့သို့တည်း။ 

(၁၂)။ လောက၌ ပထမအရွယ်၌ကား အတတ်မရတုံအံ့၊ 

ဒုတိယအရွယ်၌ကား ဥစ္စာမရတုံအံ့။ တတိယအရွယ်၌ကား

တရားမရတုံအံ့။ စတုတ္တအရွယ်တိုင်မှာကား အဘယ်မူစအံ့နည်း။ 

(၁၃)။ ချစ်သားတို့ ... အတတ်ပညာသင်ကုန်လော့။ အဘယ်ကြောင့်

ပျင်းရိဘိသနည်း။ ချစ်သားတို့ နေ့တိုင်း နေ့တိုင်း အတတ်ပညာသင်ကုန်လော့။ 

အတတ်ပညာ မရှိသောသူသည် သူ၏၀န်ထမ်းဖြစ်တတ်၏။ 

အတတ်ပညာရှိသူကို လောက၌ သူတစ်ပါးတို့ ပူဇော်အပ်၏။ 

(၁၄)။ အကြင်အမိသည် သားငယ်ကို အတတ်ပညာသင်မပေး။ 

အတတ်ပညာသင်၍ မပေးသော အမိသည် ရန်သူမည်၏။ 

အကြင်အဖသည် အတတ်ပညာ သင်၍မပေး။ အတတ်ပညာသင်၍ 

မပေးသော အဖသည် ရန်သူမည်၏။ ထိုအတတ်ပညာ မရှိသောသူသည် 

ဟင်္သာတို့အလယ်၌ ဗျိုင်းကဲ့သို့ သဘင်အလယ်တွင် မတင့်တယ်။ 

(၁၅)။ တောင်ချောက်ကြား၌ ရောက်သောဆူးကို ဘယ်သူထက်

စိမ့်ချွန်သနည်း။ မိမိအလိုလိုသာလျှင် ထက်ပချေ၏။ 

သမင်တို့၏ မျက်စိ၌ ဘယ်သူမျက်စဉ်းခတ်၍ 

ကြည်သနည်း။ မိမိအလိုလိုသာလျှင် ကြည်ပချေ၏။ 

ညွန်၌ကြာကို ဘယ်သူအနံ့ကောင်း ထည့်ပေးချေသနည်း။

အလိုလိုသာလျှင်အနံ့ကောင်းထုံ၏။ အမျိုးကောင်းသား၏

သဘောသည် ဘယ်သူပြု၍ ဖြစ်သနည်း။

မိမိအလိုသာ ဖြစ်ပချေ၏။ 

(၁၆)။ ထုံးမရှိသော ကွမ်းသည် အရသာမရှိ။ ဥစ္စာမရှိသူ၏ 

တန်ဆာဆင်ခြင်သည်လည်း အရသာမရှိ။ ဆားမရှိသော 

စားဖွယ်သည်လည်း အရသာမရှိ။ အတတ်မရှိသောသူ၏ 

ပျို့ကဗျာဖွဲ့ခြင်းသည်လည်း အရသာမရှိ။ 

(၁၇)။ နာခြင်း မှတ်ခြင်း၌ ကောင်းစွာ အားတုတ်သော

သူသည် သုတဖြင့် ပြည့်စုံ၏။ သုတပညာဖြင့် ပွား၏။ 

သုတပညာဖြင့် အနက်ကိုသိ၏။ သိအပ်သော အနက်သည် 

ချမ်းသာကို ဆောင်၏။ 

(၁၈)။ လောက၌ အစာစားခြင်းသည် လည်းကောင်း၊ 

မေထှန်မှီဝဲခြင်းသည် လည်းကောင်း၊ အိပ်ခြင်းသည်လည်းကောင်း၊ 

နွား၌လည်းကောင်း၊ ယောက်ျား၌ လည်းကောင်း ရှိ၏။ 

အတတ်ပညာ ဟူသည်ကား ယောက်ျားအား အထူးပေးတည်း။ 

အတတ်ပညာမှ ယုတ်ခဲ့မူကား နွားနှင့်တူသည် ဖြစ်၏။ 

(၁၉)။ လောက၌ အတတ်ပညာနှင့်တူသော အဆွေခင်ပွန်းသည် မရှိ။

အနာနှင့်တူသော ရန်သူသည် မရှိ။ ကိုယ်နှင့်တူသော ချစ်သော 

သူမည်သည် မရှိ။ ကံနှင့် တူသော အားသည်မရှိ။ 

(၂၀)။ လောက၌ ဟင်္သာသည် ကျီးတို့၏အလယ်၌ မတင့်တယ်။

ခြေင်္သေ့သည် နွားတို့၏အလယ်၌ မတင့်တယ်။ မြင်းသည်

မြည်းတို့၏ အလယ်၌ မတင့်တယ်။ လူမိုက်တို့၏ အလယ်၌

ပညာရှိသည် မတင့်တယ်။ 

(၂၁)။ သူမိုက်သည် အသက်ထက်ဆုံးလည်း ပညာရှိကို 

အကယ်၍ ဆည်းကပ်ငြားအံ့၊ ထိုသူမိုက်သည် တရားကိုမသိ။

အဘယ်ကဲ့သို့ နည်းဟူမူ ယောက်မသည် ဟင်း၏ အရသာကို

မသိသကဲ့သို့တည်း။ 

(၂၂)။ ပညာရှိသည် ခဏမျှလည်း ပညာရှိကို အကယ်၍

ဆည်းကပ်ငြားအံ့။ တရားကိုသိ၏။ အဘယ်ကဲ့သို့ နည်းဟူမူကား

လျှာသည် ဟင်း၏ အရသာကို သိသကဲ့သို့တည်း။ 

(၂၃)။ ရဲရင့်သောသူသည် လက်နက်ကိုကင်း၍ စစ်မြေအရပ်သို့

မသွားရာ။ ထို့အတူ ပညာရှိသည် ကျမ်းဂန်ကို ကင်း၍ စကားမဆိုရာ။

အဓွန့်ရှည်သော ခရီးသို့ သွားသောကုန်သည်သည် အဖော်ကင်း၍ 

မသွားရာ။ အရပ်တစ်ပါးသို့ သွားသောသူသည်အဖော်ကို ကင်း၍ မသွားရာ။ 

(၂၄)။ လောက၌ ဥစ္စာပျက်ခြင်းသည် လည်းကောင်း၊ နှလုံးပူပန်ခြင်းသည် 

လည်းကောင်း၊ အိမ်၌ မကောင်းမှုကိုကျင့်ခြင်းတို့ကို လည်းကောင်း၊ 

လှည့်ပတ်ခြင်းကိုလည်းကောင်း၊ မထီမဲ့မြင်ပြုခြင်းကိုလည်းကောင်း၊ 

ပညာရှိသည် ထင်ရှားမပြရာ။ 

(၂၅)။ လောက၌ အရေးအခွင့်ရောက်သည်နှင့်

လျော်သောစကားကိုလည်းကောင်း၊ ကိုယ်အား လျောက်ပတ်သော

ချစ်အပ်သောသူကို လည်းကောင်း၊ ကိုယ်နှင့် တန်ရုံသော

အမျက်ကိုလည်းကောင်း အကြင်သူသည် သိတတ်၏။

ထိုသူသည် ပညာရှိမည်၏။ 

(၂၆)။ ဥစ္စာမရှိဘဲလျက် အရသာ စားကြူးသောသူ၊ 

ခွန်အားမရှိဘဲလျက် အသတ်အပုတ် ကြိုက်တတ်သောသူ၊ 

ပညာမရှိဘဲလျက် စကားလိုလား သောသူ၊ ဤသူတို့ကား

သူရူးနှင့် တူကုန်၏။ 

(၂၇)။ သူမခေါ်ဘဲ သူ့အိမ်သို့ သွားဖန်များသောသူ၊ သူမမေးဘဲ 

စကားများများပြောတတ်သောသူ၊ မိမိဂုဏ်ကျေးဇူးကို

ပလွှားတတ်သောသူ၊ ဤသုံးပါးသည် သူယုတ်၏ လက္ခဏာတည်း။ 

(၂၈)။ အဆင်းမလှသော သူသည် စကားများတတ်၏။

ပညာနည်းသောသူသည် ထင်ရှားပြတတ်၏။ 

ရေမပြည့်သောအိုးသည် ချောက်ချားတတ်၏။

နို့ရည်မထွက်သော နွားမသည် ကျောက်ကန်တတ်၏။ 

(၂၉)။ ဖားသူငယ်သည် ဆောင့်ကြောင့်ထိုင်တတ်ကာမူ

ခြင်္သေ့ဟုထင်၏။ ကျီးတည်းချီးမူကား ချစ်ဆွေ ချစ်ဆွေဟု

မြည်တတ်၏။ ပညာမရှိသော သူမိုက်သည်လည်း မိမိကိုယ်ကို

ပညာရှိထင်ခြင်းကြောင့် ပညာရှိတို့သည် မေးလတ်သော်

ငါ့ရှင်ငါ့ရှင်ဟု ချစ်စဖွယ်သော စကားကို ဆိုတတ်၏။ 

(၃၀)။ ဖားသူငယ်သည်လည်း ဆောင့်ကြောင့်ထိုင်ခြင်းတူမူကား

ခြင်္သေ့ တူကောင်းအံ့လော။ ၀က်သည်လည်း 

အုတ်အုတ်မြည်တတ်ကာမူ ကျားသစ် တူကောင်းအံ့လော။ 

ကြောင်သည်လည်း အဆင်းသဏ္ဌာန်တူကာမူ

ကျားတူကောင်းအံ့လော။ ပညာရှိတို့သည်လည်း 

အတတ်ချင်း တူကောင်းအံ့လော။ 

(၃၁)။ မင်းတို့သဘော မည်သည့်ဥစ္စာ၌ ရောင့်ရဲခြင်းမရှိ။ 

မျက်စိသည်လည်း ချစ်သောသူကို မြင်ခြင်း၌ ရောင့်ရဲခြင်းမရှိ။

သမုဒ္ဒရာသည် ရေ၌ ရောင့်ရဲခြင်း မရှိ။ 

(၃၂)။ အဆင်းအရွယ်နှင့် ပြည့်စုံခြင်းမူလည်း၊ ပြန့်ပြောကြွယ်ဝသော

အမျိုး၌ ဖြစ်လျှင်မူလည်း အတတ်ပညာမှ ယုတ်ခဲ့မူကား မတင့်တယ်ကုန်။ 

ပေါက်ပန်းတို့သည် အနံ့ကင်းကုန်သကဲ့သို့တည်း။ 

(၃၃)။ လောက၌ အမျိုးယုတ်သောသူ၏ သားဖြစ်လျက် 

မင်း၏ အမတ်ဖြစ်တတ်၏။ လူမိုက်၏သားဖြစ်လျက်လည်း 

ပညာရှိဖြစ်တတ်၏။ ဥစ္စာမရှိသောသူ၏ သားဖြစ်လျက်လည်း

ဥစ္စာများတတ်၏။ 

(၃၄)။ အကြင်တပည့်သည် အတတ်ပညာလိုသဖြင့် 

အထူးထူးအပြားပြားများစွာ သင်တတ်၏။ ထိုတပည့်လည်း 

အတတ်ကို အိပ်မက်ကိုမြင်သော သူအကဲ့သို့ ပြန်ဆိုခြင်းငှာ 

မစွမ်းနိုင်ရာ။ 

(၃၅)။ အိုးထိန်းသည်သည် အိုးကို ကွဲစိမ့်သောငှာ မခတ်၊

တင့်တယ်စိမ့်သောငှာ ခတ်၏။ ဆရာသည် တပည့်တို့အား 

အပယ်ဆင်းရဲသို့ ကျစေခြင်းငှာ မပုတ်ခတ်၊ အတတ်ပညာ

အစီးအပွားဟူသော အကြောင်းကြောင့် ပုတ်ခတ်၏။ 

(၃၆)။ အကြင်သူသည် တောင်ဇလပ်ပန်းကိုလျှင် 

ပေါက်ဖက်နှင်ထုပ်၏။ ထိုသူ၏ တောင်ဇလပ်ပန်းသူသည်လျှင်

ကောင်းသောအနံ့ကို လှိုင်စေသည်ကား မဟုတ်၊

ပေါက်ဖက်တို့သည်လည်း ကောင်းသော အနံ့ကို လှိုင်စေကုန်၏။

ထို့အတူ ပညာရှိနှင့် ပေါင်းဖက်မှီဝဲရသောသူတို့ကို မှတ်အပ်၏။

ပညာရေးနဲ. ဘဝ



“ ကမ္ဘာလောကကြီးဟာ လူသားအားလုံးရဲ့ ဆရာသမားပါပဲ။ ”

မှတ်သားခဲ့ဖူးတဲ့ ဗုဒ္ဓစာပေထဲက အဆိုအမိန့်တစ်ခုပါ။

 လူ့ဝန်းကျင်ကြီးမှာ ပါဝင်လှုပ်ရှားနေကြရတဲ့ ကျွန်တော်တို့

 အတွက် ကျောင်းနေချိန်အရွယ်မှာကျောင်းတက်၊ ပညာ

 စတင်သင်ကြားကြရတယ်။ တစ်ဆင့်ချင်း တစ်ဆင့်ချင်း 

သင်ကြားလို့ နောက်ဆုံး နယ်ပယ်အရပ်ရပ်မှာ သတ်မှတ်ထားတဲ့ 

ပန်းတိုင် ရောက်တော့ပညာသင်ကြားခြင်း ပြီးဆုံးပြီလို့ 

ကျွန်တော်တို့တွေ သတ်မှတ်လိုက်ကြတယ်။ သတ်မှတ်

ချက်တိုင်းဟာ ပြီးပြည့်သွားစုံတယ်ဆိုတာ မရှိဘူးဆိုတဲ့

သဘောတရားတစ်ခုကိုအထက်ပါ အဆိုအမိန့် လေးက 

သက်သေထူလိုက်တာပါပဲ။“ လူတစ်ယောက်ဟာ 

သူ သေဆုံးတဲ့အချိန်ထိ လေ့လာသင်ယူစရာတွေ 

မပြီးဆုံးနိုင်ပါဘူး ”တဲ့။ မှတ်သားဖူးထားတဲ့ အဆိုလေးတစ်ခုပေါ့။ 

အတိုင်းအတာဘောင်တစ်ခုအတွင်း ဆရာများစွာရဲ့

သင် ကြားပြသမှုအောက်မှာကျော်ဖြတ်ခဲ့ပြီး စံချိန်စံနှုန်းဖြစ်တဲ့

B.A, M.A, Ph.D ဘွဲ့တွေ ရလိုက်တာဟာကျွန်တော်တို့အတွက် 

တကယ်ပြီးပြည့်စုံသွားတဲ့ ပညာရေးတစ်ခုလား။ 

ဘ၀တစ်ခုလုံးလျှောက် လှမ်းဖို့အတွက် လုံလောက်သွားတဲ့ 

လေ့လာသင်ယူမှုတစ်ခုလား။ အဆင့်မြင့်ဘ၀တစ်ခုကို 

ဖန်တီး လုပ်ယူနိုင်ဖို့ အမှန်အကန်ကိုပြည့်စုံသွားတာလား။ 

ဒီမေးခွန်းအားလုံးရဲ့ အဖြေဟာ No ဆိုတဲ့အဖြေပဲထွက်သွားပါလိမ့်မယ်။

ဒါဆိုရင် ကျွန်တော်တို့တွေ ဘယ်နေရာမှာ ဘာတွေ

ဆက်လက်သင်ကြားနေရဦးမှာလဲ။ပညာသင်ကြားခြင်း 

အရွယ်ကိုကျော်လွန်လာလို့ လူ့လောကကြီးထဲ 

ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ၀င်ဆန့်ကြမယ့် ကျွန်တော်တို့အတွက် 

ဆက်လက်သင်ကြားပေမယ့် ဆရာသမားတွေက ဘယ်သူတွေလဲ။ 

ဟုတ်ပါ တယ်။လူဆိုတာ အချင်းချင်း အမှီသဟဲပြုပြီး နေထိုင်ကြရတာပါ။ 

လူ့ဝန်းကျင်ကြီးထဲမှာတစ်ဦးတစ် ယောက်တည်း ရပ်တည်နေထိုင်လို့ 

မရနိုင်ပါဘူး။ အဲဒီတော့ကျွန်တော်တို့နေထိုင်ရာကမ္ဘာလောက 

ကြီးလူ့ဝန်းကျင်ကြီးဟာ ကျွန်တော်တို့တွေရဲ့ 

ဆရာသမားပါပဲတဲ့။ အဲဒီမှာပဲ ဆက်လက်သင်ယူလေ့ လာရမှာတဲ့။

ကျွန်တော်တို့ ၀န်းကျင်တွေမှာ ပညာရေးကို ဆုံးခန်းတိုင်အောင် 

မသင်ကြားရပေမယ့် သက် ဆိုင်ရာနယ်ပယ်မှာ အောင်မြင်ကျော်ကြားနေတဲ့ 

လူတွေကို တွေ့မိကြမှာပါ။ အချို့က Eco ဘွဲ့မရပေ မယ့် စီးပွားရေးမှာ 

အောင်မြင်နေကြတယ်။ အချို့က Philosophy နဲ့ကျောင်းပြီးတာ

မဟုတ်ပေမယ့်အတွေးအခေါ် အယူအဆ ကောင်းနေကြတယ်။ 

တော်နေကြပြန်တယ်။ တချို့ဆိုကျောင်းပညာရေး လုံးဝ 

မသင်ကြားဖူးပေမယ့် ဗဟုသုတ အတော်ပြည့်စုံနေတာကို 

တွေ့ရတယ်။ အမေရိကန်နိုင်ငံ၊ တင်န်တက် စီပြည်နယ်မှာ 

Vanderbilt ဆိုတဲ့တက္ကသိုလ်တစ်ခု ရှိပါတယ်။ တကယ်တော့ 

ဒီတက္က သိုလ်ဟာ Venderbilt ဆိုတဲ့လူပုဂ္ဂိုလ်ရဲ့နာမည်ကို 

ဂုဏ်ပြုတည်ဆောက်ထားတာပါတဲ့။ Venderbiltဆိုတဲ့လူကြီးဟာ 

အီတလီနိုင်ငံဖွား နယူးယောက်ပြည်နယ်မှာ ကြီးပြင်းလာတဲ့ 

လူဆင်းရဲတစ်ယောက် လို့ဆိုပါတယ်။ အရမ်းဆင်းရဲလို့ ဘယ်ကျောင်းမှာမှ 

မနေခဲ့ရဘဲဘာပညာရပ်တွေကိုမှ မသင်ကြားခဲ့ ရပါဘူး။ လှေစုပ်

လေးတစ်စင်းနဲ့ဟင်းသီးဟင်းရွက်တွေကို စတင်ရောင်းချရင်း 

ကြီးပွားချမ်းသာလာ တာတဲ့။ နောက်အတ္တန်လန္တိတ်သမုဒ္ဒရာကို 

ကျော်ဖြတ်သွားလာနိုင်တဲ့ သဘောင်္တွေကို ပိုင်ဆိုင်လာ 

တယ်။ အရမ်း ချမ်းသာကြွယ်ဝလာတယ်ဆိုပါတော့။ သူ ချမ်းသာလာတော့ 

သူ့လိုပညာရေး မသင်ကြားခဲ့ရတဲ့ ကလေးတွေအတွက် ရည်ရွယ်ပြီး 

Venderbilt ဆိုတဲ့တက္ကသိုလ်တည်ထောင်ဖို့ မတည် လှူဒါန်းခဲ့တာပါ။ 

နောက် နယူတန်ဆိုတဲ့ပုဂ္ဂိုလ်ကြီးဟာလည်း ဘယ်ကျောင်းမှာမှ ပညာ

မသင်ကြားခဲ့ရဘဲ သိပ္ပံပညာရပ်မှာထူးချွန်ထက်မြက်ခဲ့ပါတယ်။

ဆိုလိုချင်တာက ဒီလိုပုဂ္ဂိုလ်တွေဟာ ဖြစ်တောင့်ဖြစ်ခဲ့

လူထူးလူဆန်းတွေလို့ ဆိုနိုင်ပေမယ့် သူတို့ဟာ လောကကြီးက

သင်ကြားပြသပေးတဲ့ ပညာရပ်တွေကိုကောင်းကောင်းမွန်မွန်

လေ့လာ သင်ယူပြီးတော့ လက်တွေ့ဘ၀မှာ မှန်မှန်ကန်ကန် 

အသုံးချနိုင်သူတွေ ဖြစ်တယ်ဆိုတာပါပဲ။ ဒီလို ပြောလို့ 

အတန်းပညာရေးဟာတကယ်မလိုအပ်ဘူး လို့တော့ မယူဆစေချင်ပါဘူး။ 

အတန်းပညာရပ်ဟာလောကကြီးထဲမှာ ဆက်လက်သင်ကြားနိုင်ဖို့ 

မိတ်ဆက်ပညာရေး ဖြစ်ပါတယ်။တစ်နည်းအားဖြင့် 

လောကကြီးထဲဝင်ဆန့်ဖို့သော့တစ်ချောင်းဖြစ်တယ်လို့ဆိုချင်ပါတယ်။ 

ကျွန်တော်တို့တွေ လောကကြီးထဲကို ဘယ်လိုပုံစံနဲ့

ဘယ်အပေါက်က၀င်မလဲဆိုတာစဉ်းစားဆုံးဖြတ်ရပါမယ်။

လောကကြီးထဲဝင်ဖို့ မစဉ်းစားဘဲ အတန်းပညာရေးပြီးလို့ဘွဲ့

ရလိုက်တာနဲ့ ပြီးပြည့်စုံပြီလို့ယူဆလိုက်ရင်တော့ လောကကြီး ထဲ 

မ၀င်နိုင်တဲ့အပြင်လောကရဲ့အပြင်ဘက်ကို အလိုလိုရောက်သွားပါလိမ့်မယ်။ 

သင်ကြားခဲ့တဲ့ ပညာရပ်တွေနဲ့ လက်တွေ့ဘ၀မှာ ဘယ်လိုအသုံးချ 

မလဲဆိုတာ တကယ်ဝေဖန်သုံးသပ်ဖို့လိုအပ်ပါတယ်။ကျွန်တော်နဲ့ 

အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်ကပြောခဲ့ဖူးတယ်။ 

သင်ကြားခဲ့တဲ့ ပညာရပ်တွေနဲ့ လုပ်ငန်းခွင်ထဲ က

အလုပ်တွေဟာ တခြားစီပဲတဲ့။ဒီသူငယ်ချင်းဟာ သင်ကြားခဲ့တဲ့ 

ပညာရပ်တွေကို လက်တွေ့ဘ၀မှာ အသုံးမချနိုင်တာလား၊

ဒါမှမဟုတ် ပညာသင်ကြားရေးစနစ်တွေက လက်တွေ့ဘ၀နဲ့

အံမ၀င်ခွင်မကျဖြစ်နေတာလား ကျွန်တော့်ဟာ ကျွန်တော်

စဉ်းစားမိလိုက်တာပါ။ သူသဘောကျလောက်တဲ့ အဖြေတော့

မပေးနိုင်ခဲ့ဘူး။ ဘယ်လောက်ကောင်းတယ် ဆိုတဲ့ 

ပညာရေးပဲ ဖြစ်ဖြစ် လက်တွေ့ဘ၀မှာ အံမ၀င်သေးဘူးဆိုရင်တော့ 

သင်ကြားမှုသက်သက်ပဲ ဖြစ်သွားလိမ့်မယ် ထင်ပါတယ်။ 

အရှေ့တိုင်းပညာသင်ကြားရေးစနစ်နဲ့ အနောက်တိုင်း 

ပညာသင်ကြားရေးစနစ်တွေကိုနှိုင်းယှဉ်လေ့လာ ကြည့်လိုက်ပါ။

ကျွန်တော်တို့ တစ်သက်တာကာလပတ်လုံးလေ့လာသင်ယူလို့ 

မကုန်နိုင်တဲ့ ပညာရပ်တွေ ကမ္ဘာလောကကြီးထဲမှာ

 ရှိနေတာတော့ အသေအချာပဲဗျာ။ ကျွန်တော်တို့တွေ 

ဘယ်လိုရှာဖွေလို့ဘယ်ပုံဘယ်နည်းနဲ့ သင်ယူကြမလဲဆိုတာပဲ 

လိုအပ်တာပါ။ ခက်တော့ ခက်ပါလိမ့်မယ်။ဘာပဲဖြစ်ဖြစ် ယူတတ်ရင် 

အသုံးချတတ်ရင် ပညာရပ်တွေချည်းပဲ မဟုတ်လားဗျာ။ 

တစ်ခုတော့ ရှိပါတယ်။ “ သဘော တရားမပါတဲ့ လက်တွေ့၊ 

လက်တွေ့မပါတဲ့သဘောတရား။ နှစ်ခုစလုံးဟာ အန္တရာယ်ရှိတယ် ” တဲ့။

သင်ကြားခဲ့တဲ့ ပညာရပ်တွေဟာ လက်တွေ့ဘ၀နဲ့ 

တစ်ထပ်တည်းကျခဲ့မယ်ဆိုရင်တော့အဲဒီပညာသင်ကြားရေး 

စနစ်ဟာ အလွန်ကောင်းမွန်တဲ့စနစ် တစ်ခုအဖြစ် ပြောရပါမယ်။ 

ဘယ်လိုဘ၀ တွေနဲ့ ဖြတ်သန်းနေရပါစေ… ပညာရေးကြောင့်ပဲ 

ဘ၀ကို ရင်ဆိုင်ရဲတဲ့ယုံကြည်မှုတွေ အလိုအလျောက် ပြည့်ဝစေမှာပါပဲလေ။ 

အဲဒီလိုမှမဟုတ်သေးဘူးဆိုရင်တော့လောကထဲဝင်ဖို့ သော့တစ်ချောင်းဟာ 

သုံးမရအောင်သံကြေးတက်နေသလို ဖြစ်နေရော့သလားလို့ပါ။

မြန်မာသူငယ်ချင်းများမှ.......မျှဝေထားပါသည်..........

ဘဝ


လူတိုင်းမှာ ဘ၀ ကိုယ်စီ အတွေ့အကြုံအထွေထွေ ရှိကြပါတယ်

ကျွန်တော့်အတွက်ကတော့ ဘ၀ က ဘာနဲ့တူလည်းဆိုရင် 

staple chase ပြေးတုန်းက check point ကို တက်နေရသလိုပါဘဲ

အမြဲတမ်း အဲဒီ အတက်လို တက်နေရတယ်

ဘ၀ အောင်မြင်မှု့ နည်းလမ်း


အောင်မြင်မှု့ဟူသည် သူတပါး၏  အကျိုးစီးပွားကိုမထိခိုက်ပဲ 

ရည်မှန်းထားသောပန်းတိုင်ကိုရောက်၇ှိစေသည့် 

မိမိကိုကျေနပ်နှစ်သိမ့်မှု့ပေးသောအောင်ပွဲခံခြင်းဖြစ်သည်။

အောင်မြင်မှု့ကို  ငွေကြေး ဥစ္စာ ဓနနှင့်လည်း တိုင်းတာလို့မရ

ထင်ပေါ်ကျော်ကြားမှု့နှင့်လည်းတိုင်းတာလို့မရပါ   

အောင်မြင်မှု့ဆိုသည်မှာ  မိမိလိုလားတောင့်တသော

အခြေအနေကို ရရှိကျေနပ်မှု့ပင်ဖြစ်သည်။

  ကြိုတင်လိုအပ်ချက်များ

ဘ၀၌အောင်မြင်လိုသူတိုသည်  မိမိ၏  ကိုယ်  နှုပ်  နှလုံး 

သုံးပါးစလုံးတွင်ကြိုတင်ပြင်စင်ထားရှိရမည့်

လိုအပ်ချက်များရှိပါသည်။ယင်းတို့ မှာ။

၁။အကျင့်စာ ရိတ္တကောင်းမွန်ခြင်း ။

၂။မိမိ၏ရှိရင်းစွဲ  ဘ၀အခြေနေ၌မနေတော့ဟု 

ဆုံးဖြတ်ရမည့် စိတ်ဓါတ်ပြောင်းလဲမှု့ ။

၃။အခြေအနေနှင့်အချိန်အခါကိုသိနားလည်မှု့ ။

၎။အလုပ်ကိုချစ်မြတ်နိုးမှု့နှင့်။

၅။မိတ်ဆွေသဂ်ဟကောင်း ရှိခြင်းတို့ဖြစ်ပါသည်။

အကျင့်စာရိတ္တ ကောင်းမွန်ခြင်း

စစ်မှန်သော အောင်မြင်မှု့ရယူလိုသူတို့သည် တယုတယ 

ပျိုးထောင်ထားအပ်သောအကျင့်စာရိတ္တကောင်းရှိဖို့လိုပါသည်။

အကျင့်မကောင်းတဲ့ သူတွေလဲအောင်မြင်နေတာပဲဟု

စောဒကတက်ဖွယ် ရှိသော်လည်းရေရှည်တည်တံသော ဂုဏ်သတင်း ၊

မွေးပျံသောအောင်မြင်မှု့ဟူသည်  အကျင့်စာရိတ္တကောင်းမွန်ခြင်း၊

မြေဆီလွာပေါ်၌သာ ပျိုးထောင် ရှင်သန်နိုင်သော  နတ်ပန်း  ဖြစ်သည်။

စိတ်ဓါတ်ပြောင်းလဲမှု့

လူအတော်များများသည်မိမိ လက်ရှိ အနေအထားမှ 

ပြောင်းလဲရန်တွန့်ဆုပ်သည့်သဘောထားရှိကျပါသည်။

ကြိုးစားနေလည်းထူးမှာမဟုတ်ပါဘူး  ဒီသင်တန်းတက်ပြီးတော့လည်း

ချက်ညခင်းလက်ငင်း ဘာမှဖြစ်လာမှာမဟုတ်ပါဘူးဆိုကာ

ဆင်ခြေအမျိုးမျိုးဖြင့် အပျင်းထူကာ မိမိလက်ရှိ နေရာမှ 

တလက်မမှ မရွေ့ တမ်းနေကျသူအတော်များပါသည်။

လက်ရှိအနေအထားထက် တိုးမြင့်အောင် လုပ်ဆောင်မည် 

ယခုအခြေအနေမှာလုံးဝ မနေလိုတော့ဟု ဆုံးဖြတ်ကြိုးစား  

သူတို့သာ  အောင်မြင်စမြဲ  ပင်ဖြစ်သည်။


အခြေအနေနှင့်အချိန်အခါကို  သိနားလည်မှု့

အောင်မြင်မှု့ရယူနိုင်ဖို့ အခြေအနေ အချိန်အခါ ပေးသည်ကိုပေးမှန်း

နားလည်တတ်ရန်လိုသည်။အခွင့်အရေးဟူသည် အတောင်ပံပါသည်ဟု 

ဆိုရိုးစကားရှိသည်။ခွင့်သာခိုက်မှမကြိုးစားပါက အောင်မြင်မှု့နှင့် 

ဝေးရလိမ့်မည်။အချိန်အခါဟူသည်မှာလည်း  အခြေအနေပေးချိန်တွင် 

ချက်ချင်းထလုပ်မှသာအောင်မြင်နိုင်ပေမည်။

အခွင့်အရေး

လောက၌အရာရာတိုင်းအတွက်  အခွင့်အရေးအခွင့်အလမ်း 

ပေါ်ပေါက်တတ်သည်။အချို့သောသူတို့မှာ  အခွင့်အရေးကိုအခွင့်အရေးမှန်း  

မသိကျော်လွားသွားကျသည်။အချို့မှာအခွင့်အရေးမှန်းသိသော်လည်း

ဖမ်းဆုပ်ရယူခြင်းမရှိသဖြင့်လက်လွတ်ဆုံးရှုံးခဲ့ရသည်။

အခွင့်အရေးသည် နောက်တကြိမ်လာခဲသဖြင့်  အခွင့်အရေးပေါ်သခိုက်

ဖမ်းဆုပ်ရယူနိုင်ဖို့လိုသည်။

အလုပ်ကိုချစ်မြတ်နိုးမှု့

ဘ၀ ကိုပြီးပြည့်စုံအောင်ဆောင်ရွက်ပေးသောအရာများမှာ

  အလုပ်သည်အဓိကကျသည်။လူသည်  အသိဥာဏ်ကြီးမြတ်သည်

မိမိအတွက်မိသားစုအတွက် ပါတ်ဝန်းကျင်အသိုင်းဝိုင်းအတွက်

လောကမှာအ လုပ်လုပ်နေသောကြာင့် အသိဥာဏ်

ကြီးမြတ်ရခြင်းဖြစ်သည်။မိမိ၏ အလုပ်ကို  ချစ်မြတ်နိုးတတ်သူ

တန်ဖိုးထားတတ် သူဖြစ်မှသာ သန့်ရှင်းရေး  အလုပ်သမားဖြစ်စေ။

နိုင်ငံတော်   သမ္မတဖြစ်စေ   ဂုဏ်ယူလေးစား   လောက်ပေသည်။

မိတ်ဆွေသင်္ဂဟကောင်းရှိခြင်း

လူသည်မိတ်ဆွေသဂ်ဟများ၊အိမ်နီးခြင်းများ၊လုပ်ဖော်ကိုင်ဘက်များ၊

တစ်မြို့တစ်နိုင်ငံတည်းနေသူများနိုင်ငံခြားသားများကိုဆက်ဆံ

ပေါင်းသင်းရ၏  မိမိကျင်လည်ရာလောက၌ အလုပ်တခု

အောင်မြင်ေ၇းအတွက်  မိမိအားဝိုင်းဝန်းကူညီမည့် မိတ်ဆွေများ

အကြံဥာဏ်ကောင်းပေးမည့်သူများ။စိတ်ထားဖြောင့်မတ်စွာမိမိ

အောင်မြင်မှု့ကိုနှစ်သက်လိုလားသူများနှင့်အဆွေခင်ပွန်းဖွဲရန်လို၏

မိမိကြီးပွားသည်ကို  မုဒိတာပွားကာ  မိမိအခက်အခဲကြုံချိန်မှာ

နှစ်သိမ့်ထူမည့်  မိတ်ဆွေကောင်းဟူသည် ဘ၀၏  အကြီးမားဆုံး

ဆုလာဘ် ဖြစ်သည် ။တစ်ခုသတိပြုရန်မှာ မိမိကိုယ်တိုင် 

မိတ်ဆွေကောင်း   ပီသဖို့လိုသည်။

ဘ၀   အိမ်မက်  မျော်လင့်ချက်

မျှော်လင့်ချက်ရည်မှန်းချက်ဟူသည်  လူတဦးစီ၏

ဘ၀ကိုရှေ့သို့တွန်းပို့ပေးသောစွမ်းအားဖြစ်သည်။

မျှော်လင့်ချက်  ရည်မှန်းချက်ကြီးမား  သူတို့မှာ စိတ်ကူးအတိုင်း

ကြီးကျယ်ပေါက်မြောက်အောင်ကြိုးစားရယူနိုင်သည်။

အောင်မြင်လိုသူတိုင်းသည် အိမ်မက်ကြီးကြီးမက် 

ရည်မှန်းချက်ကြီးကြီး ထားရှိရမည်။

အာရုံစူးနှစ်မှု့

လောကီကိစ္စ  လောကုတ္တရာကိစ္စ 

ဆောင်ရွက်ရာတွင်အာရုံစူးနှစ်မှု့သည်အလွန်အရေးပါသည်။

အာရုံစူးနစ်မှု့မရှိပါကလောကီကိစ္စ  လောကုတ္တရာကိစ္စ

ဆောင်ရွက်ရာတွင်  ဟိုမရောက်ဒီမရောက်ခရီးမပေါက်နိုင်။

မိမိရည်စူးရာရည်သန်ရာကိုသာ တခုတည်းသောစိတ်ဖြင့်

စူးစိုက်လုပ်ဆောင်ပါမှ ဘ၀မှာအောင်မြင်မှု့ပန်းတိုင်ကိုရရှိမည်။

လေ့လာဆည်းပူးခြင်း  ကြိုတင်ပြင်ဆင်ခြင်း

အောင်မြင်လိုသောလူများသည် သိသင့်သိထိုက်သည် 

ကိုလေ့လာဆည်းပူးခြင်းသည်ပထမဦးဆုံးအခြေခံ အုပ်မြစ်ဖြစ်သည်။ 

မိမိလေ့လာဆည်းပူခဲ့သော အတွေ့အကြုံ  ဗဟုသုတပညာရပ်များကို  

မိမိလုပ်မည့်လုပ်ငန်းအတွက်  ကြိုတင်ပြင်ဆင်ရမည်။

မိမိလုပ်ငန်းအတွက်လည်း  ၀န်ထမ်း ဘဏ္ဍာရေး  လုပ်ငန်းစီမံခန့်ခွဲမှု့

စသည်ဖြင့်မည်သို့ထားရှိရမည်

ကြိုတင်ပြင်ဆင်မှသာ  လုပ်ငန်းအောင်မြင်ဖို့နီးစပ်သည်။

ယုံကြည်မှု့နှင့် သန္နိဌာန်

ယုံကြည်မှု့သည်ဘ၀၏တွန်းအားဖြစ်သည်  ။

တစုံတရာကို  ဖြစ်ကိုဖြစ်ရမည်ဟု  ယုံကြည်ကာ  သန္နဌာန်

  ချမှတ်ဆောင်ရွက်ပါ။ယုံကြည်မှု့ပြင်းပြပါက  အခက်အခဲများကို

မဆုပ်မနစ်ကြိုးစားဖြတ်ကျော်နိုင်စွမ်းရှိသည်။

သန္နိဌာန်စွမ်းအားက  လိုရာပန်းတိုင်  ရရှိအောင်မြင်နိုင်အောင်ပံပိုးပေးသည်။


အခက်အခဲ  အမှား  နှင့် ရှုံးနိမ့်မှု့

အခက် အခဲသည်  အောင်မြင်မှု့ကို ပိုမိုရရှိ  စေနိုင်သည်

အောင်မြင်မှု့ ဟူသည် လွယ်လင့်တကူ ရရှိသည့်  အရာမဟုတ်ပါ။
 

အခက် အခဲ ကို တွေ့ကြုံပြီးမှ ရရှိနိုင်သည် ကများသည်

အောင်မြင်မှု့ ကို လုပ်ဆောင်ရင်း အမှားများနှင့် ကြုံတတ်သည်

မမှားဖူးသူသည် ဘာမှမလုပ်  သူသာဖြစ်သည်

မိမိ၏အမှား သူတပါး၏ အမှား များကိုတွေ့ကြုံ သင်ခန်းစာယူမှ 

တိုးတက်အောင်မြင်နိုင်သည်အမှားနှင့်  ရှုံးနိမ့်မှု့သည် အောင်မြင်မှု့ 

ပန်းတိုင်မရောက်မှီ  တွေ့ကြုံရတတ်သည်အရေးကြီးဆုံး ကိစ္စမှာ 

  အခက်အခဲ အမှားများ နှင့်ရှုံးနိမ့်မှု့ကို  လက်ခံပြုပြင်ကာ

အောင်မြင်အောင်  ကြိုးစားမည်ဟု  ပိုင်းဖြတ်ထားသော  စိတ်  ဓါတ်  ပင်ဖြစ်သည်။


ငယ်ငယ်ထဲက ဖတ်ခဲ့ရတာလေးကို  ဝေမျှလိုက်တာနော်