Monday, December 20, 2010

လောကနီတိ(3)


(၆၃)။ အကြင်သူသည် သူတော်မဟုတ်သောသူအား

ချစ်အပ်သည်ဖြစ်၏။ သူတော်ကောင်းကို ချစ်ခြင်းကိုမပြု။ 

မသူတော်တို့၏ တရားကိုသာလျှင် နှစ်သက်၏။ ထိုသူ၏

အမူအကျင့်သည် ပျက်စီးအပ်သည်၏ အကြောင်းတည်း။ 

(၆၄)။ မြွေသည် အမျက်လွန်၏။ သူယုတ်သည်လည်း

အမျက်လွန်၏။ မြွေထက် သူယုတ်သည်ကား အမျက်လွန်၏။

ထိုမြွေကိုကား မန္တယားဆေးဝါးတို့ဖြင့် ငြိမ်းစေနိုင်၏။ 

သူယုတ်ကိုကား အဘယ်မည်သော ဆေးဖြင့် ငြိမ်းစေနိုင်အံ့နည်း။

(၆၅)။ အကြင်လူမိုက်သည် မိမိမိုက်သောအဖြစ်ကို သိ၏။

ထိုသို့သိခြင်းကြောင့် ထိုသို့ မိုက်သောသူဖြစ်လျက်လည်း 

ပညာရှိမည်၏။ အကြင်လူမိုက်သည်ကား မိုက်လျက်လျှင်

မိမိကိုယ်ကို ပညာရှိဟု ထင်၏။ 

ထိုသူမိုက်သည်သာလျှင်စင်စစ် 

သူမိုက်ဟူ၍ ဆိုအပ်၏။ 

(၆၆)။ သူမိုက်သည် အကြင်မျှလောက် မိမိပြုသော

မကောင်းမှုသည်အကျိုးမပေးသေး။

ထိုမျှလောက်ပျားရည်ကဲ့သို့ အောက်မေ့တတ်၏။

အကြင်အခါ၌ကား မိမိပြုသော မကောင်းမှုသည် 

အကျိုးပေး၏။ ထိုအခါ၌ဆင်းရဲခြင်းသို့ ရောက်၏။ 

(၆၇)။ သူမိုက်သည် ကိုယ်အားရှိမှု မကောင်း၊ အနိုင်အထက်

သူ၏ဥစ္စာကို ရအောင်ယူတတ်၏။ ပညာနည်းသော

ထိုသူမိုက်သည် ကိုယ်ခန္ဓာပျက်သည်မှ နောက်၌

ငရဲသို့ ရောက်တတ်၏။ 

(၆၈)။ အိမ်၌ ဖျက်ဆီးတတ်သည်ကား ကြွက်တည်း။ တော၌

ဖျက်ဆီးတတ်သည်ကား မျောက်တည်း။ ငှက်၌ 

ဖျက်ဆီးတတ်သည်ကားကျီးတည်း။

လူ၌ ဖျက်ဆီးတတ်သည်ကား ပုဏ္ဏားတည်း။ 

(၆၉)။ နိုးကြားသောသူအား ညဉ့်သည်ရှည်၏။ ခရီးပန်းသောသူအား

တစ်ယူဇနာခရီးသည် ရှည်၏။ သူတော်ကောင်းတရားကို 

မသိကုန်သော သူမိုက်အား သံသရာသည် ရှည်၏။ 

(၇၀)။ ယုတ်သော သဘောရှိသောသူသည် သူတစ်ပါးတို့၏

နှမ်းစေ့ခန့်မျှသာရှိသော အနည်းငယ်သော အပြစ်ကိုသာလျှင်

မြင်တတ်၏။ အုန်းသီးလောက်ရှိသော မိမိအပြစ်ကိုကား မမြင်တတ်။ 

(၇၁)။ လူမိုက်သည် ပညာရှိအား ချီးမွမ်းခြင်းဖြင့် ဒဏ်ကို

ပေးသည်မည်၏။ ပညာရှိကို ပညာရှိသည်သာလျှင် 

ချီးမွမ်းခြင်းသည် ကောင်းစွာ ချီးမွမ်းခြင်းမည်၏။ 

(၇၂)။ လိုချင်တတ်မက်ခြင်းရှိသောသူကို

တန်စိုးလက်ဆောင်ပေးခြင်းဖြင့် 

ယူရာ၏။ မာနခက်ထန်သောသူကို လက်အုပ်ချီသဖြင့်

ယူရာ၏။ သူမိုက်ကိုကား အလိုသို့လိုက်သဖြင့် ယူရာ၏။ 

ပညာရှိကို အဟုတ်အမှန်ဆိုသဖြင့် ယူရာ၏။ 

(၇၃)။ စီးပွားကိုဆောင်သည်ရှိသော် သူတစ်ပါးသည်လည်း 

အဆွေမည်၏။ စီးပွားကို မဆောင်မူ အဆွေသည်လည်း

သူတစ်ပါးမည်၏။ အနာသည် ကိုယ်၌ဖြစ်လျက်

စီးပွားကိုမဆောင်လေ။ ဆေးကား တော၌ဖြစ်လျက်

စီးပွားကို ဆောင်လေသလျှင်ကတည်း။ 

(၇၄)။ မျက်ကွယ်၌ ကျေးဇူးကို ချေတတ်သော၊ မျက်မှောက်၌

ချစ်ဖွယ်သော စကားကို ဆိုတတ်သော ထိုသို့သဘောရှိသော 

အဆွေခင်ပွန်းကို အဆိပ်အိုး၌ ပျားတို့ကြဉ်ရာသကဲ့သို့ ကြဉ်ရာ၏။ 

(၇၅)။ ဥစ္စာတည်းယုတ်မူကား အဆွေခင်ပွန်းသည် စွန့်တတ်၏။

သားမယားတို့သည် လည်းကောင်း၊ ညီသား အစ်ကိုတို့သည်

လည်းကောင်း၊ စွန့်တတ်ကုန်၏။ ဥစ္စာရှိသောသူတို့ကိုသာလျှင်

မှီဝဲကုန်၏။ ထို့ကြောင့် ဥစ္စာသည်သာလျှင် လောက၌ ခင်ပွန်းကြီးတည်း။ 

(၇၆)။ လောက၌ ကျွန်သူခစားကို စေပါးခိုင်းခန့်မှသာလျှင်

ကောင်းမကောင်း သိရာ၏။ ဆွေမျိုးတို့ကိုလည်း

ဘေးရောက်သောအခါ၌ သိရာ၏။ အဆွေခင်ပွန်းကို

ဥစ္စာနည်းသောအခါ သိရာ၏။ မယားကိုလည်း

စည်းစိမ်ကုန်မှသာလျှင်သိရာ၏။ 

(၇၇)။ အကြင်သူသည် အစီးအပွား၌ ယှဉ်စေတတ်၏။

ထိုသူသည် အဆွေခင်ပွန်းမည်၏။ အကြင်သူသည်

ကျွေးမွေးတတ်သည် ဖြစ်၏။ ထိုသူသည် မိဘမည်၏။

အကြင်သူသည် ချစ်ကျွမ်းဝင်၏။ ထိုသူသည် ခင်ပွန်းမည်၏။

အကြင်သူသည် နှလုံးငြိမ်း၏။ ထိုသို့ ငြိမ်စေတတ်သော

သူသည် မယားမည်၏။ 

(၇၈)။ ရန်သူနှင့်လည်း အကျွမ်းမ၀င်ရာ။ အဆွေခင်ပွန်းနှင့်လည်း 

အကျွမ်းမ၀င်ရာ။ အဆွေခင်ပွန်းသည် အမျက်ထွက်လတ်သော်

ခပ်သိမ်းသော အပြစ်ကို ထင်ရှားပြသ၏။ 

(၇၉)။ အကြင်သူသည် ခင်ပွန်းနှင့် တစ်ကြိမ် အမျက်ထွက်ဖူး၏။

ထိုသူသည် တစ်ဖန်စေ့စပ်ခြင်းငှာ အလိုရှိငြားအံ့။ ကိုယ်ဝန်သည်

အဿထိုရ်မြင်းကို ဖွားအံ့သော မြင်းမကဲ့သို့ 

သေမင်းနိုင်ငံသို့ ဆောင်၏။ 

(၈၀)။ အကြင်မျှလောက် မိမိ၏ အကြံကာလသည်

မရောက်သေး။ ထိုရွေ့လောက် ရန်သူကိုလျှင် ပခုံးဖြင့်

ရွက်ဆောင်ရာ၏။ မိမိ၏ အကြံကာလသည် ပြည့်စုံခြင်းသို့

ရောက်လေပြီးသော် ထိုရန်သူကိုလျှင် ကျောက်၌ ရွက်ဆောင်သော

အိုးကို ခွဲသကဲ့သို့ ဖျက်ရာ၏။ 

(၈၁)။ မြီကြွင်းသည် လည်းကောင်း၊ မီးကြွင်းသည် လည်းကောင်း၊

ရောဂါကြွင်းသည် လည်းကောင်း အဖန်တလဲလဲ ပွားတတ်ကုန်၏။

ထို့ကြောင့် အကြွင်းကို မပြုရာ။ 

(၈၂)။ အကြင်သူ၏ မျက်နှာကား ပဒုမ္မာကြာကဲ့သို့ ရွှင်၏။ 

ဆိုသောစကားသည်လည်း စန္ဒကူးကဲ့သို့ ချမ်းအေး၏။ 

နှလုံး၌ကား သေစေတတ်သော အဆိပ်ကဲ့သို့ ရှိ၏။

ထိုသို့သော သဘောရှိသောသူကို မမှီဝဲရာ။ 

(၈၃)။ ကြမ်းကြုတ်သော အရှင်ကို မမှီဝဲရာ။ ထိုထက်

ဝန်တိုသော အရှင်ကို မမှီဝဲရာ။ ထိုထက် မချီးမြှင့်တတ်သော

အရှင်ကို မမှီဝဲရာ။ ထိုထက် နှိပ်စက်တတ်သော အရှင်ကို

မမှီဝဲရာသာလျှင်တည်း။ 

(၈၄)။ ဦးချိုရှိသော သတ္တ၀ါကို အတောင်ငါးဆယ်

အရပ်မှ ကြဉ်ရာ၏။ မြင်းကိုကား အတောင် တစ်ရာမှ

ကြဉ်ရာ၏။ အစွယ်ရှိသော ဆင်ကိုကား အတောင်

တစ်ထောင်ကသာလျှင် ကြဉ်ရာ၏။ သူမကောင်းကိုကား 

အရပ်ကိုစွန့်သဖြင့် ကြဉ်ရာ၏။ 

(၈၅)။ မကောင်းသော အရပ်ကို လည်းကောင်း၊ မကောင်းသော

ခင်ပွန်းကို လည်းကောင်း၊ မကောင်းသော အမျိုးကို 

လည်းကောင်း၊ မကောင်းသော အဆွေခင်ပွန်းကို

လည်းကောင်း၊ မကောင်းသော မယားကို လည်းကောင်း၊

မကောင်းသော ကျွန်ကို လည်းကောင်း၊ ဝေးစွာရှောင်ကြဉ်ရာ၏။ 

(၈၆)။ အကြင်ခင်ပွန်းတို့သည် အနာနှိပ်စက်သော

ကာလ၌လည်းကောင်း၊ ငတ်မွတ်ခေါင်းပါးသော

ကာလ၌လည်းကောင်း၊ စည်းစိမ်ပျက်စီးသော

ကာလ၌လည်းကောင်း၊ ရန်သူမိသော ကာလ၌လည်းကောင်း၊

မင်းအိမ်တံခါး၌ လည်းကောင်း၊ သုသာန်တစပြင်၌ လည်းကောင်း

တည်ရပ်ပေကုန်၏။ ထိုခင်ပွန်းတို့သည်သာလျှင်

ခင်ပွန်းကောင်း မည်၏။ 

(၈၇)။ နှုတ်ခွန်းချိုသော စကားရှိသောသူသည်

များသော အဆွေခင်ပွန်းရှိ၏။ ကြမ်းကြုတ်သောသူသည်

နည်းသော ခင်ပွန်းရှိ၏။ 

(၈၈)။ ဥသြတို့၏ အဆင်းကား အသံလျှင်တည်း။

မိန်းမတို့၏ အဆင်းကား လင်ကို မြတ်နိုးခြင်းတည်း။ 

မကောင်းသော ရုပ်သဏ္ဌာန်ရှိသောသူ၏ အဆင်ကား 

အတတ်တည်း။ ရသေ့တို့၏ အဆင်းကား သည်းခံခြင်းတည်း။ 

(၈၉)။ မိန်းမတို့၏ ဥစ္စာကား အဆင်းတည်း။ 

ယောက်ျားတို့၏ ဥစ္စာသည် အတတ်လျှင်တည်း။

ရဟန်းတို့၏ ဥစ္စာကား သီလတည်း။ မင်းတို့၏

ဥစ္စာသည်ကား ရဲမက်ဗိုလ်ပါတည်း။ 

(၉၀)။ ရသေ့ ရဟန်းတို့သည်ကား ကြုံမှသာလျှင်

တင့်တယ်ကုန်၏။ ခြေလေးခုရှိသော သတ္တ၀ါတို့သည်ကား

ဆူကုန်မှသာလျှင် တင့်တယ်ကုန်၏။ ယောက်ျားတို့သည်ကား

အတတ်ပညာရှိမှသာလျှင် တင့်တယ်ကုန်၏။ မိန်းမတို့သည်ကား

လင်သားရှိမှ တင့်တယ်ကုန်၏။ 

(၉၁)။ တတ်လှစွာသော စောင်းသမားသည် ငါးရက်မျှ 

စောင်းနှင့်ကင်းမူ ပျက်၏။ တတ်လှစွာသော

လေးသမားသည် ခုနစ်ရက်မျှ လေးနှင့်ကင်းမူ ပျက်၏။

တော်မှန်လှစွာသော မယားဖြစ်လျှင်မူလည်း လင်နှင့်

တစ်လကင်းမူ ပျက်၏။ တပည့်တို့ကား လခွဲကားမူ ပျက်၏။ 

(၉၂)။ ကျွဲကား ညွန်ရှိမှသာလျှင် မွေ့လျော်၏။ 

ဟင်္သာငှက်သည် ရေကန်ရှိမှသာလျှင် မွေ့လျော်၏။

မိန်းမကား ယောက်ျားရှိမှသာ မွေ့လျော်၏။ ရဟန်းကား 

တရားရှိမှသာလျှင် မွေ့လျော်၏။ 

(၉၃)။ ထမင်းကိုကား အစာကျေမှ ချီးမွမ်းရာ၏။

မယားကိုလည်း အရွယ်လွန်မှ ချီးမွမ်းရာ၏။ ရဲမက်ကိုကား

စစ်အောင်၍ ပြန်မှ ချီးမွမ်းရာ၏။ ကောက်ကို အိမ်သို့ရောက်မှ

ချီးမွမ်းရာ၏။ 

(၉၄)။ နှစ်လင် သုံးလင် ကွာပြီးသော မိန်းမသည်လည်းကောင်း၊

နှစ်ကျောင်း သုံးကျောင်း ပြောင်းပြီးသော ရဟန်းသည်လည်းကောင်း၊

ကျော့ကွင်းမှ နှစ်ကြိမ် သုံးကြိမ် လွတ်ပြီးသော

ငှက်သည်လည်းကောင်း ပြုအပ်သော မာယာများသည်သာလျှင်တည်း။ 

(၉၅)။ သူယုတ်ကို ပုတ်ခတ်သဖြင့် ယဉ်စေရာ၏။

မကောင်းသော ခင်ပွန်းကို စကားဆိုမြဲ မဆိုသဖြင့် 

ယဉ်စေရာ၏။ မကောင်းသော မိန်းမတို့ကို စည်းစမ်းကို

မအပ်နှင်းသဖြင့် ယဉ်စေရာ၏။ အစာ၌ တပ်မက်သောသူကို

အစာကို ယုတ်စေသဖြင့် ယဉ်စေရာ၏။ 

(၉၆)။ လ မှကင်းသော ညသည် မတင့်တယ်။

လှိုင်းတံပိုးမှကင်းသော သမုဒ္ဒရာသည်လည်း မတင့်တယ်။

ဟင်္သာမှကင်းသော ရေကန်သည်လည်း မတင့်တယ်။

လင်မှကင်းသော အမျိုးသမီးသည်လည်း မတင့်တယ်။ 

(၉၇)။ လင်သည်သာလျှင် စည်းစိမ်ဥစ္စာကို ဖြစ်စေအပ်၏။

မိန်းမမူကား လုံစေသည်သာလျှင်တည်း။ ထိုစကားသည် သင့်စွ။ 

ယောက်ျားသည်သာလျှင် ပဓာနတည်း။ 

(၉၈)။ ခပ်သိမ်းသော မြစ်တို့သည် မြစ်ကောက်သာ ရှိကုန်၏။

ခပ်သိမ်းသော တောတို့သည် ထင်းဖြင့်သာ ပြီးကုန်၏။ 

ခပ်သိမ်းသော မိန်းမတို့သည် ဆိတ်ငြိမ်သော အရပ်ကို 

ရသည်ရှိသော် မကောင်းမှုကို ပြုမြဲတည်း။ 

(၉၉)။ အကြင်မိန်းမသည် ငြင်းခုံတတ်သော အလေ့ရှိ၏။

ငြူစူစောင်းမြောင်း၍ ပြောလေ့ရှိ၏။ မြင်တိုင်းကိုလည်း တပ်၏။ 

များစွာသည်လည်း ချက်၍စားတတ်၏။ လင်၏ 

အဦးစားတတ်သော အလေ့ရှိ၏။ သူ့အိမ်သို့ 

သွားတတ်နေတတ်သော အလေ့ရှိ၏။ ထိုမိန်းမသည် 

သားတစ်ရာပင် မြင်ငြားသော်လည်း ယောက်ျားသည် စွန့်အပ်၏။ 

(၁၀၀)။ အကြင်မိန်းမသည် စားသောအခါ၌လည်းကောင်း၊

အ၀တ်တန်ဆာ ပြုပြင်ဆင်ယင်သောအခါ၌ လည်းကောင်း၊ 

အမိကဲ့သို့ နှစ်သက်ဖွယ် ပြုပြင်တတ်၏။ လျှို့ဝှက်အပ်ကုန်သော 

မကျစ်မလျစ်သောအရာတို့၌ နှမကဲ့သို့ လွန်စွာ ရှက်တတ်၏။

အမှုလုပ်သောအခါတို့၌ လည်းကောင်း၊ လင်၏ အပါး၌သွားလာသော 

အခါ၌လည်းကောင်း ကျွန်မကဲ့သို့ ရိုသေစွာ ပြုတတ်၏။

ဘေးရှိသောအခါတို့၌ တိုင်ပင်ဖက်ဖြစ်ရာ၏။ 
 
အိပ်သောအခါတို့၌လည်း မွေ့လျော်စေတတ်၏။

အရောင်အဆင်းတို့ကို ပြုပြင်ခြင်းတို့၌ တင့်တယ်စွာ၏။

အမျက်ထွက်သောအခါတို့၌ သည်းခံတတ်၏။

ထိုမိန်းမကို မြတ်၏ဟူ၍ ပညာရှိတို့သည် ဆိုကုန်၏။ 

ထိုမိန်းမသည် သေသည်၏ အခြားမဲ့၌လည်း

နတ်ပြည်၌ ဖြစ်ရာ၏။ 

(၁၀၁)။ အကြင်မိန်းမငယ်သည် ရွှေသော အသားရှိ၏။

သမင်မျက်စိကဲ့သို့ ညိုသောမျက်စိလည်းရှိ၏။

ခါးစည်းတင်ကျယ် ငယ်သောဝမ်းလည်း ရှိ၏။

ဆင်နှာမောင်းကဲ့သို့ အရင်းမှ အဖျားတိုင်အောင်

သွယ်သော ပေါင်ရှိ၏။ ဖြေ၍ နောက်သို့လန်သော ရှိသော 

အဖျားကော့တတ်သော ဆံပင်လည်းရှိ၏။ ကြီးငယ်မထင်

ညီညွတ်သော သွားအစဉ်လည်းရှိ၏။ နက်သောချက်လည်းရှိ၏။ 

ကောင်းသော အလေ့အထသည်လည်း ရှိ၏။ ထိုသို့သော

မိန်းမငယ်ကို ယုတ်သော အမျိုးတို့၌ဖြစ်သော်လည်း

ထိုမိန်းမပျိုကို ဆက်ဆံ ထိမ်းမြားရာ၏။ 

(၁၀၂)။ အကြင်မိန်းမသည် ဖြစ်တိုင်းဖြစ်တိုင်း အဖန်တလဲလဲ

ယောက်ျား၏ အဖြစ်ကို အလိုရှိငြားအံ့၊ ထိုမိန်းမသည် 

သိကြားမင်း၏ မယားသည် သကြားမင်းကို အရိုအသေ

လုပ်ကျွေးသကဲ့သို့ လင်ကိုအရိုအသေ လုပ်ကျွေးရာ၏။ 

(၁၀၃)။ အကြင်ယောက်ျားသည် ဖြစ်တိုင်းဖြစ်တိုင်း 

အဖန်တလဲလဲ ယောက်ျားအဖြစ်ကို အလိုရှိငြားအံ့၊ 

ထိုယောက်ျားသည် ခြေဆေးပြီးသော ယောက်ျားသည်

ညွန်ကို ရှောင်ကြဉ်သကဲ့သို့ သူတစ်ပါး၏ 

မယားကို ရှောင်ကြဉ်ရာ၏။ 

(၁၀၄)။ အရွယ်လွန်ပြီးသောယောက်ျားသည် 

တည်သီးမျှငယ်သော သားမြတ်ရှိသော မိန်းမပျိုကို 

ယူဆောင်သိမ်းဆည်း၏။ မိမိအလိုရှိရာ မပါသည်ဖြစ်၍ 

စောင်းမြောင်းငြူစူတတ်၏။ လင်အိုတစ်ယောက်၌သာ

မွေ့လျော်လတ္တံဟု မယုံကြည်။ ထိုကြောင့် 

ထိုငယ်သောမယားကို သိမ်းဆည်းခြင်းသည်

ပျက်စီးအံ့သည်၏ အကြောင်းတည်း။ 

(၁၁၉)။ မိန်းမနှင့် နှီးနှောသောရဟန်း၌ အဘယ်မှာ 

သီလရှိအံ့နည်း။ အသားစားကြူးသောသူ၌ အဘယ်မှာ

သနားရှိအံ့နည်း။ သေသောက်ကြူးသည့်သူ၌ အဘယ်မှာ

စကားမှန်အံ့နည်း။ အလိုရမ္မက်ကြီးသောသူ၌ အဘယ်မှာ

အရှက်ရှိအံ့နည်း။ အပျင်းကြီးသောသူ၌ အဘယ်မှာ 

အတတ်ရှိအံ့နည်း။ အမျက်ကြီးသောသူ၌ အဘယ်မှာ

ဥစ္စာရှိအံ့နည်း။ 

(၁၂၀)။ သေသောက်ကြူးသောသူသည်လည်းကောင်း၊ 

အခါမဟုတ်သည်၌ သွားလေ့ရှိသောသူသည်လည်းကောင်း၊ 

သဘင်အသွားများသော သူသည်လည်းကောင်း၊

ကြွေအန် အစရှိသော လောင်းကစားကြူးသောသူသည်လည်းကောင်း၊

မကောင်းသော အဆွေခင်ပွန်းရှိသောသူသည်လည်းကောင်း

ပျင်းရိဖင့်နွဲ့သော သူသည်လည်းကောင်း၊ ဤသူတို့ကား

စည်းစိမ်းတို့သည် ပျက်ဆီးအံ့သော အကြောင်းတည်း။ 

(၁၂၁)။ အသက်ရှင်လျက်လည်း သေသောသူ ငါးဦးမှာ

ဆင်းရဲသောသူ၊ အနာနှိပ်စပ်သောသူ၊ မိုက်မဲသောသူ၊

မြီများသောသူ၊ မင်းဝယ်ကိုယ်ကြပ် ခစားသောသူ ..

ဤသူတို့တည်း။ 

(၁၂၂)။ ပညာရှိတို့သဘောကား မရောက်သေးသော 

ဘေးကို မြင်သည်ရှိသော် အဝေးကလျှင် ကြဉ်ရာ၏။ 

ရောက်ပြီး ရောက်ဆဲသော ဘေးကို မြင်မူကား

ကြောက်ရွံ့တတ်သော သဘောမရှိသည် ဖြစ်၏။ 

(၁၂၃)။ လောက၌ အအိပ်ကြူးသောသူ၊ မေ့လျောသောသူ၊ 

ချမ်းသာစွာနေတတ်သောသူ၊ အနာရှိသောသူ၊ ပျင်းသောသူ၊

အလိုကြီးသောသူ၊ အမှုသစ်၌ မွေ့လျော်သောသူ။ 

ဤခုနစ်ယောက်သောသူတို့သည် ကျမ်းဂန်မှ ကင်းကုန်၏။ 

(၁၂၄)။ လောက၌ လဲသည် ပေါ့၏။ ထိုထက်

လျှပ်ပေါ်သောသူသည် ပေါ့၏။ ထိုထက် ဆရာမိဘတို့၏ 

အဆုံးအမကို မခံသောသူသည် ပေါ့၏။ ထိုထက် မြတ်ဗုဒ္ဓ၏ 

သာသနာတော်၌ မေ့လျော့သောသူသည် ပေါ့၏။ 

(၁၂၅)။ လောက၌ ကျောက်ထီးသည် လေး၏။ ထိုထက်

ဆရာမိဘတို့၏ အဆုံးအမသည် လေး၏။ ထိုထက်

ဗုဒ္ဓမြတ်စွာ၏ စကားသည် လေး၏။ 

(၁၂၆)။ လောက၌ ခြင်္သေ့သည်လည်းကောင်း၊ 

ဆင်သည်လည်းကောင်း၊ သူတော်ကောင်းသည်လည်းကောင်း၊ 

ဤသူတို့သည် အကျိုးမရှိသော အရပ်ကို စွန့်၍ သွားကုန်၏။ 

ကျီးသည်လည်းကောင်း၊ သမင်းသည်လည်းကောင်း၊

ယုတ်မာသောယောက်ျားသည် လည်းကောင်း၊

ဤသတ္တ၀ါတို့သည်မိမိတို့ ကျင်လည်ရာ

အရပ်၌သာလျှင် ပျက်စီးခြင်းသို့ ရောက်ကုန်၏။ 

(၁၂၇)။ ပညာရှိသော်ကား လှမ်းသော ခြေတစ်ဖက်နှင့်တူသော

အရပ်သစ်ကို မျှော်တင်းသောစိတ်ဖြင့် သွား၏။

ရပ်သော ခြေတစ်ဖက်နှင့် တူသော အရပ်ဟောင်းကို

မခွာသောစိတ်ဖြင့် ရပ်၏။ အရပ်သစ်ကို မစူးစမ်းဘဲ 

နေရာဟောင်းကို မစွန့်ရာ။ 

(၁၂၈)။ လောက၌ ရောင်းဝယ်သောအခါ၌လည်းကောင်း၊ 

 အတတ်သင်သောအခါ၌လည်းကောင်း၊

အစေအပါးခံသောအခါ၌ လည်းကောင်း၊

မေထုန်မှီဝဲသောအခါ၌လည်းကောင်း၊ 

အရှက်အကြောက်ကို စွန့်သည် ဖြစ်ရာ၏။ 

(၁၂၉)။ မိန်းမတို့၏ အစာစားခြင်းကား ယောက်ျားတို့ထက်

နှစ်ဆလွန်သည်ဖြစ်ရာ၏။ ပညာသည်လည်း လေးဆလွန်၏။

လုံလက ခြောက်ဆ လွန်သည်လည်းဖြစ်၏။

ကာမဂုဏ်တပ်မက်ခြင်းက ရှစ်ဆလွန်၏။ 

လေ့လာသင်ကြားသူအဖို့ လောကနီတိ ကျမ်းသည် - 
 
  • သာရော = အနှစ်သာရ မည်၏။ 
  •  
  • မာတာပီတု = မိဖသဖွယ် မည်၏။ 
  •  
  • အာစရိယော = ဆရာသမားနှင့် တူ၏ ။ 
  •  
  • မိတ္တော = မိတ်ဆွေနှင့် တူ၏ ဟူသော
  •  
  • ဂုဏ်လေးမျိုး ရှိလေသည်။ 
  •  
  • အကျိုးတရားများမှာ - 
  •  
  • ဥာဏိ = ဥာဏ်ကြီးရှင် ဖြစ်နိုင်ခြင်း 
  •  
  • မဟာ = ကြီးကျယ် မြင့်မြတ်သူ ဖြစ်နိုင်ခြင်း 
  •  
  • ဗဟုသုတော = အကြားအမြင် များနိုင်ခြင်း
  •  
  • ဟူသော အကျိုးကျေးဇူးများလည်း ရရှိနိုင်လေသည်။

0 comments:

Post a Comment